ယခုထက် ပိုပြင်းသော ငလျင် မျိုး လှုပ်နိုင်သည်ဟု ရွှေဘိုငလျင် လှုပ်ပြီး နောက်တစ်နေ့တွင် ငလျင် ပညာရှင် ဦးစိုးသူရထွန်းက ပြော သည်။
ရွှေဘိုငလျင်က ငလျင်ကြောပေါ် ဖင်ခုထိုင်ထားသော မြန်မာနိုင်ငံဟု သက်သေပြခဲ့ပြီ။ ရွှေဘို ငလျင်သည် စစ်ကိုင်းပြတ်ရွေ့၏ အစိတ်အပိုင်း တစ်ခု။ စစ်ကိုင်းပြတ်ရွေ့ ဆို သည်မှာ ဟိမဝန္တာတောင်တန်းမှ တစ်ဆင့် မြန်မာနိုင်ငံ မြောက်ပိုင်းမှ ဧရာဝတီမြစ်နှင့် အပြိုင် ဆူမားတြား ငလျင်ကြောအထိ ဆက်စပ်သည်။
”စစ်ကိုင်းပြတ်ရွေ့ပေါ်မှာ ရှိ တဲ့ ငလျင် မလှုပ်သေးတဲ့နေရာ တွေ အတွက် စိုးရိမ်ရတယ်” ဟု ဦးစိုးသူရထွန်းက ပြောသည်။
၁၉၃ဝ ခုနှစ်တွင် ပဲခူးငလျင် လှုပ်ခဲ့စဉ်က ပဲခူးတွင် လူ ၅ဝဝ ခန့် သေဆုံးပြီး ရန်ကုန်တွင် လူ ၅ဝ သေဆုံးခဲ့သည်။ ၁၉၃ဝ နောက်ပိုင်း ပဲခူးငလျင် ထပ်မလှုပ်တော့ သည် မှာ ယနေ့ထိ နှစ် ၈ဝ ရှိပြီမို့ လှုပ်မည်ဆို ပြန်လှုပ်နိုင်မည့် အနေအထားဟု သိရသည်။

ဘယ်အချိန် လှုပ်မည်။ အင်အား မည်မျှရှိမည် ဆိုသည်က မည်သို့သော ပညာရှင်ကမှ ဟောကိန်းမထုတ်နိုင်သည့် ကိစ္စ။ သို့သော် ”အခု လှုပ်သွားတဲ့ ငလျင်ဟာ၊ ငလျင်ကြီးတွေ အတွက် အစပျိုးငလျင် ဖြစ်နိုင်တယ်” ဟု ၄င်းက ကောက်ချက်ချသည်။
ယခု ရွှေဘိုငလျင်သည် ၁၉၅၆ ခုနှစ်က တစ်ကြိမ် လှုပ်ခဲ့ပြီးပြီ။ ယခု နှစ် ၆ဝ အကြာတွင် ပြန်လှုပ်ခြင်းဆို တော့ ပဲခူးငလျင် မလှုပ်တော့သည်မှာ နှစ် ၈ဝ ကြာပြီမို့ အချိန် မရွေး ပြန်လှုပ်နိုင်သည့် အနေအထား။
ရန်ကုန်မြို့သည် ပဲခူးလို၊ နေပြည်တော်လို ငလျင်ကြောပေါ် တည့်တည့်ကျ မနေသော်ငြား ငလျင် လှုပ်လျှင် အန္တရာယ် အကြီးဆုံးဟု ပြောနိုင်သည် ဟု ဦးစိုးသူရထွန်း က ပြော သည်။
”ငလျင်က သူ့(ရန်ကုန်)ကို ဗဟိုပြုပြီး မလှုပ်ရင်တောင် တခြား မြို့တွေထက် ပိုစိုးရိမ်ရတယ်” ဟု ၄င်းက ဆက်လက်ပြောသည်။
ရန်ကုန်နှင့်ငလျင် ဘာလို့ အန္တရာယ်အကြီးဆုံးလဲ
ငလျင်သည် လူကိုမသတ်၊ လူတွေ ဆောက်ထားသည့် အဆောက်အအုံ တွေကသာ လူကို သတ်သည်။ ငလျင် လှုပ်သည့် အခါ အဆောက်အအုံများ ပြိုကျသောကြောင့် လူအများ သေကျေ ပျက်စီးကြသည်။ ၁၉၃ဝ ခုနှစ် ပဲခူးငလျင် လှုပ်စဉ်က ရန်ကုန်တွင် သိန်းဂဏန်းသော လူဦး ရေသာ ရှိသေးသည့် အပြင် အထပ် မြင့် အဆောက် အအုံသည်လည်း သိပ် မရှိသေးသဖြင့် လူသေဆုံးမှုမှာ ၅ဝ ဦးမျှသာ။
ယခုကတော့ လူဦးရေကလည်း သန်းနဲ့ချီ။ အထပ်မြင့် အဆောက်အအုံတွေကလည်း များ။ ၁၉၉ဝ ကျော်ကာလက ဆောက်ခဲ့သော ခါတော်မီ ကန်ထရိုက်တိုက် အချို့ မှာ အပေါ်ထပ်မှ ငရုတ်သီးထောင်းလျှင် အောက်ထပ်တွင် သဲအမှုန်အမွှား များ ကျလာသည့် အနေအထား ဖြစ်သည်။
”အင်ဂျင်နီယာ တွေကလည်း အပေါ်အောက် အလေးချိန် ခံနိုင်အောင်ပဲ ဆောက်လုပ်ခဲ့တယ်။ ဘေးတိုက်လွှဲ အားဒဏ် ခံနိုင်အောင် ဆောက်လုပ်ခဲ့ခြင်း မရှိဘူး။ ဒါ ကြောင့် အဲဒီကာလက ဆောက်ခဲ့ တဲ့ အဆောက်အအုံတွေ အတွက် အရမ်း အန္တရာယ်ကြီးပါတယ်” ဟု ဦးစိုးသူရထွန်းက ပြောသည်။
၁၉၉ဝ မှ ၂ဝဝဝ ခုနှစ်အတွင်း အဆောက်အအုံ များဟု ဆိုသည်။ ထိုအချိန်က စစ်ဆေးကြပ်မတ်မှု ကလည်း အားနည်း၊ ဈေးကွက်လို အပ်ချက်အရ ဆောက် လိုက်တာ က လည်း ဟောတစ်တိုက်၊ ဟောတစ် တိုက်သောက်သောက်လဲ။ ထိုသို့ သော အဆောက်အအုံများမှာ ငလျင် ကျရောက်ပါက မတွေးဝံ့စရာ။ လေမုန်တိုင်း တိုက်မည်ကို ကြိုသိ သော်လည်း ငလျင်ကတော့ ဘယ် လိုမှ ကြိုမသိဘဲ ရောက်ရှိလာသည့် လျှပ်တစ်ပြက် အန္တရာယ်ဆိုး။
”ဥပမာ ဂျပန် ဆိုရင် မလွဲမသွေ ငလျင်ဒဏ် ခံနိုင်တဲ့ အဆောက်အအုံ တွေ ဆောက်ကို ဆောက်ရမှာ။ ဒီ မှာတော့ အဲဒီလောက် အလေးထား ပြီး ဆောက်တယ် လို့တော့ မကြားမိ သေးဘူး” ဟု မြန်မာနိုင်ငံအင်ဂျင် နီယာအသင်း ဒုဥက္ကဋ္ဌ ဦးကျော်ဆန်းဝင်းက ပြောသည်။
သို့သော် ၂ဝဝ၃ ခုနှစ်ကို ရောက်တော့ ရှစ်ထပ်နှင့် အထက် အဆောက်အအုံ များကို ငလျင်ဒဏ် ခံနိုင်အောင် အထပ်မြင့် ကော်မတီ မှ ဒီဇိုင်းဆွဲ စစ်ဆေးပေးခဲ့သည်ဟု သိရသည်။
”၂ဝ၁ဝ မှာကျတော့ တစ်ခါ မြို့တော်စည်ပင်က သုံးထပ် နဲ့ အထက် အဆောက်အအုံတွေကို ငလျင်ဒဏ် ခံနိုင်အောင် ဆောက်လုပ်ဖို့ ညွှန်ကြားခဲ့တယ်။ ဒါကြောင့် အဲဒီ ကာလက ဆောက်ခဲ့တဲ့ အဆောက်အအုံတွေ ကတော့ တော်ရုံတန်ရုံ ငလျင်ဒဏ် တော့ ခံနိုင်ရည်ရှိပါတယ်” ဟု ဦးစိုးသူရထွန်းက ပြောသည်။
ဆောက်လုပ်ရေး အင်ဂျင်နီယာ ကြီးတစ်ဦးက ရန်ကုန်မြို့ရှိ လူလတ်တန်းစားများ နေထိုင်ရာ ကန်ထရိုက် တိုက်များမှာ ရင်လေးဖွယ်ရာဟု ကောက်ချက်ချသည်။

ငုတ်တုတ်ထိုင် ရင်မောနေလို့မရ
ရန်ကုန်သည် ငလျင်အန္တရာယ် အတွက်ကြောက်မက်ဖွယ်ရာ။ ငလျင် ဟာ ဘယ်အချိန်လာမယ်မှန်း မသိ သော်ငြား လာနိုင်ခြေရှိသည့် အနေအထားတွင် ငုတ်တုတ် ထိုင် ရင်မော နေလို့မရ။ ရွှေဘိုငလျင်က သင်ခန်းစာ များစွာ ပြဆိုပေးခဲ့ပြီ။
ရန်ကုန်သာမက မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ငလျင်နှင့် ပတ်သက်သည့် ကြိုတင် ပြင်ဆင်မှု မရှိသည် က သေချာသည်။ ဦးစိုးသူရထွန်းက ၁၉၉ဝ-၂ဝဝဝ အတွင်း ရန်ကုန်တွင် ဆောက်ခဲ့သည့် အဆောက်အအုံများ အား တရားမျှတပြီး ဘက်မလိုက်သည့် Third Party ဖွဲ့ပြီး အချိန်မီ စစ်ဆေး မွမ်းမံပြုပြင်မှုကို အမြန်ဆုံး စီစဉ်သင့်ပြီ ဟု အကြံပြုသည်။
”ရန်ကုန်မှာရှိတဲ့ အဆောက်အအုံတွေက အဲဒီကာလက အဆောက် အအုံတွေ များတယ်”ဟု ၄င်းက ပြောသည်။ Third Party ဖွဲ့စည်း စစ်ဆေးစေခြင်းမှာ ထိုသို့ စစ်ဆေးပြု ပြင်မှုတွင် အမြစ်တွယ် နေသေးသည့် ခြစားမှု အန္တရာယ် အတွက် ဖြစ်သည် ဟု ဆိုသည်။
ရန်ကုန်သည် ငလျင်လှုပ်ပြီ ဆိုလျှင် တခြား မြို့များထက် ပိုမိုထိခိုက် ဆုံးရှုံးနိုင်သည့် မြို့။ မည်သို့မည်ပုံ ကြိုတင် ကာကွယ်ကြမည်နည်း။ ရွှေဘိုငလျင်က သက်သေပြ ခဲ့ပြီးပြီ။ ရန်ကုန်၊ မြေငလျင်နှင့် ကြိုတင်ကာ ကွယ်ရေး အစီအစဉ်သည် ကောလာ ဟလ သတင်းမဟုတ်တာ သေချာ သည်။

မင်းချစ်နိုင်
ပေါ်ပြုလာ
No comments:
Post a Comment