မြင်နေရတဲ့ မြက်ခင်းတွေဟာ
အရင်လို မစိမ်းမြတော့ဘူး
တွေ့နေရတဲ့ ကန်ရေတွေဟာ
အရင်လို မကြည်လင်တော့ဘူး
တိုက်ခတ်တဲ့ လေညင်းတွေဟာ
အရင်လို မအေးမြတော့ဘူး။
သူ မပါတဲ့ မြင်ကွင်းတွေဟာ
ကြည့်လေသမျှ အကျည်းတန်တယ်
သူ မရှိတဲ့ ညနေခင်းတိုင်းဟာ
ပူလောင်လွန်းလှတယ်
တစ်နေ့ပြန်လာမယ်ဆိုစကားနဲ့
ချုပ်နှောင်ထားတဲ့ သူ့စကားသံက
ကျွန်တော့်ကို ခေါင်းငိုက်စိုက်ချ
အလွမ်းတွေနဲ့ နေသားတကျဘဝကိုပေးတယ်
ဒီနေ့လည်း သူမလာပြန်ဘူးထင်ပါရဲ့။
အချိန်တန် အိမ်ပြန်ရတော့မယ်
ဒီအတွေးက နှိပ်စက်
နှုတ်မဆက်ချင်တဲ့လက်က ခုံတန်းကလေးကို လက်ပြတယ်
ကျွန်တော် ပြန်လိုက်ဦးမယ်..သူ့ကို ဆက်စောင့်ပေးပါ။
ရည်ဝေ(ကမ္ဘာငယ်လေး)
No comments:
Post a Comment