အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Tuesday 4 December 2012

၁၂- ၁၂- ၁၂ မှာ မင်္ဂလာပွဲပြုလုပ်မယ့်အနဂ္ဂနဲ့ သံသာဝင်း ...

အလွမ်းမင်းသားလေး | 06:50 | Best Blogger Tips


အနဂ္ဂနဲ့ သံသာဝင်းတို့ရဲ့ မင်္ဂလာပွဲကို ဒီဇင်ဘာ ၁၂ရက်နေ့ ကျင်းပတော့မှာဖြစ် ပါတယ်။ သူတို့နှစ်ယောက်အတွက် မေ့မရ နိုင်တဲ့ အမှတ်တရ အရှိဆုံးနေ့ တစ်နေ့ဖြစ်တဲ့ ချစ်သူသက်တမ်း ၄နှစ်ပြည့်တဲ့နေ့ မှာ မင်္ဂလာပွဲကို ကျင်းပပြုလုပ်တာ ဖြစ်သလို ၁၂ဂဏန်းတွေဆုံတဲ့နေ့မှာ လုပ်ဖြစ်ခြင်းကလည်း သူတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲရက် ရွေး ချယ်မှုထူးခြားချက်တစ်ခုပါပဲ။ နှစ်ယောက်စလုံးရဲ့ တူညီတဲ့ဆန္ဒကတော့ မင်္ဂလာပွဲကို တအား ကြီးကြီးကျယ်ကျယ်၊ ခမ်းခမ်းနားနား  မလုပ်ချင်ကြပါဘူး။ ဒါကြောင့်လည်း မနက်ပိုင်း ဘုရားကျောင်းမှာ မင်္ဂလာပွဲပြုလုပ်မှာဖြစ်ပြီး ညပိုင်းမှာတော့ ဟိုတယ်မှာ မင်္ဂလာညစာ စားပွဲပြု လုပ်မှာဖြစ်ပါတယ်။ မင်္ဂလာပွဲနဲ့ ပတ်သက်တာတွေကို   နှစ်ယောက် စလုံးက အစစအရာရာ ကြိုတင်ပြင်ဆင်နေပြီဖြစ်သလို မင်္ဂလာဖိတ်စာ ဒီဇိုင်းကိုတော့ သံသာဝင်းက အိုင်ဒီယာ ဆန်းဆန်းလေးနဲ့ ကိုယ်တိုယ် ဒီဇိုင်းဆင်ခဲ့
တာဖြစ်ပါတယ်။ ဒီလို အတွဲညီလှတဲ့ အနဂ္ဂနဲ့ သံသာဝင်းတို့နှစ်ယောက်ရဲ့ မင်္ဂလာ အကြိုစုံတွဲပုံရိပ်တွေကို ပေါ်ပြူလာက မှတ်တမ်း ဓာတ်ပုံရိုက်ကူးရင်း သူတို့နှစ်ယောက် ရဲ့ ရှေ့ဆက်မယ့် အနာဂတ်အတွက် ကြိုတင်တွေးထားကြတဲ့ စိတ်ကူးတွေကို အင်တာဗျူးဖြစ်ခဲ့ပါတယ်။


မင်္ဂလာပွဲကို ရိုးရှင်းစွာပဲ ပြုလုပ်ချင်တဲ့ သူတို့နှစ်ယောက်
အနဂ္ဂ 
ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်းနေရတဲ့ အချိန်ထက်စာရင် အရင်နှစ်ယောက် အတူတူနေရတော့မယ့် အချိန်ကို တကယ် ရတော့မယ်ဆိုတော့ ကိုယ့်စိတ်ထဲမှာ စဉ်းစားရင်း ပျော်နေမိတယ်။ ပြန်ပြီးတော့ သတိရမိတာတွေကတော့ တစ်ယောက်နဲ့ တစ်ယောက် ဂရုစိုက်ခဲ့မှုတွေပါပဲ။ ကျွန်တော့်အနေနဲ့ကတော့ အနုပညာရှင် ဆိုတာ ထက် သာမန် လူတွေထဲက လူတစ်ယောက်အဖြစ်ပဲ သတ်မှတ်ထားပါတယ်။ ဒါကြောင့်သာမန်သွားတဲ့ Life ပုံစံအတိုင်းပဲပေါ့။ မင်္ဂလာပွဲကို တစ်ပွဲ လုပ်မယ်။ နောက် သူငယ်ချင်းတွေနဲ့ ညပိုင်းဒင်နာ တစ်ပွဲလုပ်မယ်။ အဲဒီလောက်နဲ့ပဲ လုပ်မယ်လို့ စဉ်းစားပါတယ်။ သိပ်ပြီးအကြီး အကျယ်ကြီး တော့ မလုပ်ချင်ဘူး။ အေးအေးဆေးဆေးလေး ပဲ ဖြတ်သန်းရတာကြိုက်တယ်။ သံသာနဲ့ ကျွန်တော်နဲ့ကလည်း မင်္ဂလာပွဲကို လုပ်ဖို့အတွက် သူကပွဲအကြီးကြီးလုပ်ချင်တာ၊ ကိုယ်က ပွဲအကြီးကြီးလုပ်ချင်တယ် ဆိုတာမျိုး တစ်ခါမှ မညှိ နှိုင်းခဲ့ဖူးဘူး။ ဒီလောက်ပဲ လုပ်မယ်ဆိုတာကို နှစ်ယောက်စလုံး သဘောတူကြတယ်။
သံသာဝင်း
မင်္ဂလာပွဲကို ရိုးရိုးရှင်းရှင်းပဲ ဖြစ်စေချင်တယ်။ အဓိကကတော့ ကျွန်မတို့နှစ်ယောက်စလုံး ပျော်ဖို့လာတဲ့လူတွေလည်း ကျွန်မတို့နဲ့ အတူတူပျော်ဖို့ပေါ့။ ဂုဏ်ပကာသနတွေ ထက် နှစ်ယောက် ရဲ့ မင်္ဂလာပွဲလေးကို အသိအမှတ်ပြုလိုက် တယ်ဆိုတဲ့ ပုံစံမျိုးလေးပဲဖြစ်ချင်တယ်။ ကျွန်မရဲ့ ငယ်ငယ် ကတည်းက စိတ်ကူး က ဘုရားကျောင်း မှာ မင်္ဂ လာဆောင်ချင်တယ်။ ဘုရားရှေ့ မှာသစ္စာဆိုမယ်ပေါ့။ အစက ညပိုင်းဒင်နာကိုတောင် မလုပ်ဖို့ စဉ်းစားထားတာပါ။ ဒါပေမဲ နှစ်ဖက်အမျိုး တွေရော သူငယ်ချင်း မိတ်ဆွေ   ရောက အများကြီးပဲဆိုတော့ အကုန်လုံးကို မဖိတ်နိုင်ရင် တောင်မှ တအားရင်းနှီးတဲ့ လူတွေအတွက် ညဘက်ကိုပါလုပ်မယ်ဆိုပြီး ၂ပွဲဖြစ်သွားတာပါ။ ဘုရားကျောင်းမှာက တစ်ပွဲပေါ့။
ချစ်သူဘဝကနေ အိမ်ထောင်သည်ဘဝကို နားလည်မှုတွေနဲ့ ဘယ်လိုရှေ့ဆက်သွားမှာလဲ
အနဂ္ဂ
အနည်းနဲ့အများ ခြုံပြီးကြည့်မယ်ဆိုရင် ပြဿနာဖြစ်တာနည်းတယ်။ တစ်ယောက်နဲ့ တစ်ယောက် စကားပြောရတာ အစစအရာရာ အကုန်အဆင်ပြေတယ်။ ညှိနှိုင်း လို့ရတယ်။ အိမ်ထောင်သည် ဘဝမှာလည်း ဒီအတိုင်းပဲ ဆက်သွားမယ်။ အရင်တုန်းကထက် မလျော့ ဘဲနဲ့ ဆက်သွားမယ်။ တစ်ယောက်နဲ့ တစ်ယောက် ဂရုစိုက်တာတို့၊ တစ်ယောက် အပေါ်တစ်ယောက်ကြည့်တဲ့ အမြင်တို့၊ တစ်ယောက်အပေါ် တစ်ယောက်ထားတဲ့ စိတ်ထားတို့ ဘာတို့ကို ဒီပုံစံအတိုင်းပဲ ဆက်သွားမယ်။ ဒီပုံစံကိုပဲ ကြာ ရှည်ခိုင်မြဲအောင် ဆက်လက်ထိန်းသိမ်းမယ်။ ကျန်တာတွေက တော့ အိမ်ထောင်သည်ဘဝရောက်လာမှသိ ရမှာပါ။ ဒါပေမဲ့ ချစ်သူဘဝက အဆင်ပြေမှု တွေ အတိုင်းပဲ   ရှေ့ဆက်သွားမယ်ဆိုရင် ပြဿနာ နည်းအောင် လုပ်နိုင်လိမ့်မယ်လို့ ထင်တယ်။
သံသာဝင်း
မင်္ဂလာမဆောင်ခင်နဲ့ မင်္ဂလာဆောင်ပြီး ဘာတွေပြောင်းလဲသွားမလဲလို့ တော်တော် များများမေးကြတယ်။ ကျွန်မစိတ်ထဲမှာတော့ ဘာမှပြောင်းလဲမှာမဟုတ်ဘူးလို့ ထင်တယ်။ မင်္ဂလာဆောင်ပြီးတဲ့အခါနှစ်ယောက် ကတစ်အိမ်တည်းမှာပဲ အတူတူနေသွား တာ ကလွဲလို့ကျန်တာကတော့ ဘာမှမပြောင်း လဲမသွားပါဘူး။ တစ်ယောက် နဲ့တစ်ယောက် နားလည်မှုတွေကအစပေါ့။ မင်္ဂလာမဆောင် ခင်ကတည်းက ၂ယောက်လုံးသဘောထားက ညှိထားပြီးသားဖြစ်တဲ့အတွက်ကြောင့် အများ ကြီးပြောင်းလဲ သွားစရာမရှိဘူး ခေါင်းစဉ် တစ် ခုပဲပိုသွားမယ်။ အိမ်ထောင်ကျသွား တယ်ပေါ့။ အစ်မတို့သွားနေကျပုံစံအတိုင်းကိုပဲ ပိုပြီး နီးကပ်သွားမယ့် သဘောပဲရှိပါတယ်။ ကျန်တဲ့ အရာတွေက အထူးတလည် ကြီးတော့ ပြင်ဆင် စရာမလိုဘူး။ အစ်မတို့ နှစ်ယောက် ကတော့ နားလည်မှုရယ်၊ တစ်ယောက်နဲ့တစ်ယောက် ဖုံးကွယ်ထားတဲ့ အကြောင်း အရာမရှိတာ ပါ ပဲ။ သေးသေးလေးက အစ၊ အကြီးကြီး အထိပွင့်ပွင့်လင်းလင်းရှိတာက နားလည်မှုထက် ပိုအရေးကြီးပါတယ်။
၁၂ ဂဏန်းတွေစုံတဲ့နေ့၊ လ၊ နှစ်ကို ရွေးပြီးမင်္ဂလာပွဲ ကျင်းပဖြစ်ခြင်း
အနဂ္ဂ
၁၂ရက်နေ့ကတော့ သံသာနဲ့ ကျွန်တော် ၄နှစ်တာ ကာလအတွင်းမှာ ၁၂ရက်နေ့ရောက်တိုင်း ဖုန်းမက်ဆေ့ခ်ျနဲ့ Happy Anniversary ဆိုပြီး အမြဲတမ်းပို့ကြတယ်။ မင်္ဂလာဆောင်ဖို့ ပြင်ဆင်ရင်းနဲ့လည်း နေ့ကို စဉ်းစားတော့နေ့များ ရမယ်ဆိုရင် ၁၂ရက်နေ့မှာပဲ လုပ်ချင်တယ် ဆိုပြီး လူကြီးတွေကို ခွင့်တောင်းတော့ လူကြီး တွေကလည်း သဘောကျတယ်။ အဲဒါနဲ့ပဲ ၁၂ရက်၊  ၁၂လ၊ ၂ဝ၁၂ကို ရွေး လိုက်တာပါ။ အဲဒီရက်က ကျွန်တော်တို့ ၄နှစ်ပြည့်တဲ့ Anniversary နေ့ပါ။ ဒါကြောင့် လည်း ဒီနေ့မှာလုပ်တာပါ။ ကျွန်တော်တို့ တစ်သက် လုံး မေ့တော့မှာမဟုတ်တော့ဘူး လေ။နောက် ကျွန်တော်တို့လိုပဲ၁၂ရက်၊ ၁၂လ ၊ ၂ဝ၁၂ခုနှစ်မှာ မင်္ဂလာဆောင်ကြမယ့်သူတွေ အကုန်လုံးကို သူတို့ကိုယ်စား တအား ဝမ်းသာမိပါတယ်။
သံသာဝင်း
ကျွန်မတို့နှစ်ယောက် အမြဲတမ်း စဉ်းစားတယ်။ တကယ်လို့များ ကျွန်မတို့နှစ်ယောက် မင်္ဂလာဆောင်မယ်ဆိုရင် ၂ခုပဲ ရွေး ထားတယ်။ တစ်ခုက ၁၂ရက်နေ့။ ၁၂ရက်   နေ့က ကျွန်မနဲ့သူနဲ့ စတွေ့တဲ့နေပါ။ ချစ်သူစ ဖြစ်တဲ့နေ့မဟုတ်ဘူး။ အဲဒီရက်လေးက အမြဲတမ်း ခေါင်းထဲမှာရှိတယ်။ နောက်တစ်ရက်က ၁၉ ရက်နေ့။ ကိုအနဂ္ဂက မေ ၁၉ ရက်နေ့ မွေးတယ်။ ကျွန်မက စက်တင်ဘာ ၁၉မှာ မွေးတယ်။ ၁၉ချင်းတူတော့ တစ်ခုခုဆိုရင် ၁၉ သို့မဟုတ် ၁၂ ကိုပဲ စဉ်းစားဖြစ်တယ်။ ၂ဝ၁၂ကြတော့ ဒီနှစ်မှာ မင်္ဂလာ   ဆောင်မယ်ဆိုတဲ့ အတွေးမျိုးလေးရှိ နေတော့ ၁၂ (သုံး)လုံး ဖြစ်သွားမယ်ဆိုတော့ နည်းနည်းလေး အမှတ်ရ စေနိုင်အောင်ပေါ့။ အဲဒါမျိုးလေး ဖြစ်အောင် လုပ်လိုက်တာ လည်းပါတယ်။ ပထမတော့ ၁၉ရက်နေ့လုပ် ဦးမလို့ ဒါပေမဲ့ ၁၂၊ ၁၂က ပိုအဆင်ပြေမယ်ပေါ့။ ကျွန်မ တို့နှစ်ယောက်ရဲ့ Anniversary လေးလည်း ဖြစ်တယ်လေ။ ၁၂ ဂဏန်းအပေါ်မှာ ကြီးကြီးကျယ်ကျယ်ကြီး ရင်ခုန်တာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်မတို့ နှစ်ယောက် အတွက် အမှတ်တရ နေ့လေး ဖြစ်လို့လုပ်တာပါ။
လင်းအက္ခရာ၊
ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ