အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Sunday 11 November 2012

စစ်ကိုင်းတွင် ပြင်းအား ၇ ရှိ ငလျင် လှုပ်ခတ်....

အလွမ်းမင်းသားလေး | 03:45 | Best Blogger Tips



ယနေ့ ရွှေဘို ငလျှင်
ရန်ကုန်၊ နိုဝင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၏ အရှေ့မြောက်ဘက် ၁၅ မိုင်ခန့်အကွာကို ဗဟိုပြုကာ ယနေ့နံနက် ၇ နာရီ ၄၃ မိနစ်အချိန်တွင် ရစ်ချတ်တာစကေး ၇ ဒသမ ၀ ပြင်းအားရှိ ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မန္တလေးမြေ ငလျင်တိုင်းတာရေးစခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းငလျင်ကြောင့် ကန့်ဘလူ၊ နေပြည်တော်၊ မန္တလေး အစရှိသည့် နေရာများတွင်ပါ အဖျားခတ်ကာ ငလျင်လှုပ်
ရှားခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ငလျင်ပြင်းအား မြင့်မားသောကြောင့် စစ်ကိုင်းတွင် တိုက်နံရံ ပြိုမှုများရှိကြောင်း ဒေသခံများက ပြောကြားသည်။



ယခုအခါ ယင်းငလျင်ကြောင့် ဖြစ်ပေါ်သည့် အပျက်အစီးစာရင်းများကို စတင်ယူနေပြီဖြစ်ကြောင်း ၊ အဆိုပါ ငလျင်မှာ စစ်ကိုင်းပြတ်ရွေ့ကြောင့် လှုပ်ရှားခြင်းဖြစ်ကြောင်း အာဏာပိုင်နှင့် ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

“ ၇နာရီ ၄၅ မိနစ်လောက်မှာ လှုပ်တာ၊ အန်တီတို့က ၂ ထပ်မှာ နေတာ၊ အရမ်းကြောက်ဖို့ကောင်းတာပဲ၊ ငလျင်က အရမ်းပြင်းတယ်၊ ၈ နာရီမှာလည်း တစ်ခါလှုပ်တယ်”ဟု ကျောက်ဆည်တွင် နေထိုင်သော ဒေသခံတစ်ဦးက ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့မြောက်ဘက် ၄၅ မိုင်အကွာကို ဗဟိုပြုကာ အင်အား ၆ ဒသ ၈ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း၊ ယင်းငလျင်လှုပ်ခတ်မှုမှာ စစ်ကိုင်းပြတ်ရွေ့ကြောနှင့် သက်ဆိုင်ကြောင်း၊
နောက်ထပ်ငလျင်လှုပ်ခတ်နိုင်မှု ရှိ မရှိကိုမူ မခန့်မှန်းနိုင်ကြောင်း၊ ယင်းငလျင်လှုပ်ခတ်မှုကို နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း၊ ကောလင်း၊ဟုမ္မလင်း၊ မော်လိုက်၊ မြင်းမူ၊ မုံရွာ၊ မိုးညှင်း၊ ပခုက္ကူတို့တွင် ဖြစ်ပေါ်ခံစားခဲ့ရကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ် ဦးချစ်ကျော်က ယနေ့နံနက် ၉ နာရီတွင် The Voice Weekly သို့ အတည်ပြုပြောကြားသည်။

ပြင်းအား ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် ရွှေဘိုမြို့ ချမ်းသာကြီးဘုရားတွင် စိန်ဖူးတော်တစ်ခြမ်းပဲ့ကျသွားပြီး တစ်ခြမ်းမှာ ပျောက်နေသဖြင့် ရှာဖွေနေကြောင်း၊ ရွှေဂူကြီးဘုရားအပါအ၀င် ရွှေဘိုမြို့ပေါ်ရှိ ဘုရားများ ပျက်စီးသွားကြောင်း၊ အိမ် ၃ လုံးနီးပါး ပြိုသွားကြောင်း၊ ယင်းငလျင်လှုပ်ခတ်မှုကြောင့် အသက်ကြီးသူများမှာ မူးဝေခြင်းဖြစ်ပေါ်မှုသာရှိခဲ့ပြီး ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း ရွှေဘိုဒေသခံများထံမှ ယနေ့နံနက် ၈ နာရီ ၄၅ မိနစ်တွင် စုံစမ်းသိရှိရသည်။

ယနေ့နံနက်တွင် လှုပ်ခတ်ခဲ့သော ပြင်းအား ၇ အဆင့်ရှိ ငလျင်ကြောင့် တည်ဆောက်ဆဲ ရွှေဘို-ကျောက်မြောင်း-စဥ့်ကူးသို့ သွားရောက်နိုင်မည့် ရတနာသိင်္ခမြစ်ကူးတံတားမှာ ပြိုသွားပြီဖြစ်ကြောင်း၊ ယင်း တံတားမှာ တည်ဆောက်မှု ၈၀ ရာခိုင်နှုန်းပြီးသွားပြီဖြစ်ကြောင်း ဒေသခံများထံမှ ယနေ့နံနက် ၈ နာရီ ၅၉ မိနစ်တွင် စုံစမ်းသိရှိရသည်။

The Voice Weekly
သစ်ထူးလွင်မှ ကူးယူသည်

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ